Dreamlike Beach

ဧရာဝတီရေ....စီးဆင်းမှ


               
ချစ်တဲ့ ဧရာဝတီ ...   သူ့စီသွားတော့
သေလောက်အောင်  ....  ပျော်ခဲ့သည်။           ။


ဟိမဝန္တာတောင်ခြေကို မြစ်ဖျားခံပြီး ကြမ်းတမ်းခက်ခဲစွာ စီးဆင်းလာရတဲ့ မေခဟာကျယ်ပြန့် ချောမွေ့ ညင်သာစွာ စီးဆင်းခဲ့ရတဲ့ မလိခနဲ့ ပေါင်းဆုံပြီး ဧရာဝတီမြစ်အဖြစ် အမည်တွင်လာခဲ့ပါတယ်။



ဧရာဝတီမြစ်နားမှာပဲ နဂါးနတ်သမီးနဲ့ နေသူရိန်နတ်သားတို့ ချစ်ကျွမ်းဝင်ပြီး ဥသုံးလုံးဖွားမြင်ခဲ့ပါတယ်။ ပထမ တစ်လုံးဟာ သပိတ်ကျင်းအနီးတွင် ပေါက်ခဲ့ပြီး ပတ္တမြားတွေ ဖြစ်လာခဲ့တယ်။ ဒုတိယတစ်လုံးက မြန်မာပြည် အလည်ပိုင်းမှာ ပေါက်ဖွားခဲ့ပြီး ကျားတွေဖြစ်သွားခဲ့တယ်။ ကျန်တဲ့တစ်လုံးကတော့ မြစ်ဝကျွန်းပေါ်တွင် ပေါက်ဖွား၍ မိကျောင်းတွေ ဖြစ်သွားတယ်လို့လည်းဒဏ္ဍာရီပုံပြင်တွေအများကြီး ရှိခဲ့ပါတယ်။

အဲ့ဒိ ဒဏ္ဍာရီဆန်လွန်းလှတဲ့ ဧရာဝတီမြစ်ကြီးရဲ့ နံဘေးမှာ မြန်မာ့သမိုင်းအစ တကောင်း ကလို့အမည်ရှိတဲ့ မြို့တော်ရှိပါတယ်။ ထို့နောက်မှာတော့မြန်မာဖြစ်လာမည့်ကျွန်မတို့ရဲ့အဘိုးအဘွားတွေဟာ ဧရာဝတီမြစ်ညာကို ဆန်တက်ပြီး ကျောက်ဆည်၊ ပုဂံ၊ အင်းဝ၊ အမရပူရ (မန္တလး)အစရှိတဲ့ သမိုင်းဝင်မြို့ကြီးများကို တည်ထောင်ခဲ့ကြတယ်။ ပုဂံမှသည် ရန်ကုန်အထိ ခေတ်အဆက်ဆက်မြို့တ်ာကြီးတွေ ကိုအောင်မြင်စွာနဲ့ တည်ထောင်ခြဲ့ကတယ်။


သူရဲကောင်းတို့မွေးဖွားရာ ဧရာဝတီမြစ်ကြီးဟာ ကျွန်မတို့ မြန်မာနိုင်ငံရဲ့အသက်၊ သိက္ခာ၊ ဘဝ၊ ယဉ်ကျေးမှု သမိုင်းမှတ်တိုင် အဆက်ဆက်ကို ထင်ဟပ်စေခဲ့တယ်မဟုတ်လား။ တကယ်ပါ မြစ်မင်းဧရာဝတီဟာ မြန်မာနိုင်ငံ၏ အသက်။ ဧရာဝတီဟာ မြန်မာနိုင်ငံ၏ ဘဝ။ ဆိုရင်လုံးဝမှားမယ်မထင်ပါဘူး။

ကျွန်မတို့ရဲ့ မိခင်ဧရာဝတီမြစ်ကြီးကိုမှီပြီး မြို့ရွာပေါင်းများစွာ ရပ်တည်နေကြရတယ်။ ဖြာထွက်နေတဲ့ မြစ်ငယ်တွေ မြစ်ဝကျွန်းပေါ်ဒေသတွေဟာလည်း စိုက်ပျိုးရေးအရ အရေးပါလှတာကြောင့် မြန်မာတို့ရဲ့ စပါးကျီအဖြစ် တင်စားခေါ်ဝေါ်ခြဲ့ကတယ်။ ဧရာဝတီမှ သယ်ဆောင်လာတဲ့နှုံးမြေနုတွေဟာလည်းတနှစ်ကိုပျဉ်းမျှ ပေ (၁၅၀) ခန့်  တိုင်းပြည်နယ်မြေကို ကျယ်စေပါတယ်။
ဘယ်လိုပဲပြောပြောပါ ….. ကျွန်မတို့ မိခင်ကြီး ဧရာဝတီရဲ့အလှ၊ ဧရာဝတီရဲ့ ဘဝ၊ ဧရာဝတီရဲ့ သမိုင်း၊ ဧရာဝတီရဲ့ ကျေးဇူးတရားတွေကို ထပ်ပြီးပြောချင်တယ်ဆိုရင်တောင် ပြောလို့ကိုကုန်နိုင်ဖွယ်မရှိတာမို့။

ဧရာဝတီကိုချစ်တဲ့ ဒိုင်ယာရီ

သိ၊ တတ်၊ ပြီးဗဟုသုတများပြားလှသော ပညာရှင်များ၏ စာပေများထံမှ ကိုးကားပြီး ရေးတတ်သလောက်ရေးမျှဝေလိုက်ပါတယ်။ အမှားပါရင်လည်းနားလည်ပေးကြပါလို့။

Comments